Tuesday, June 14, 2011

သံဝေဂ

ကမ္ဘာများစွာ ဤကမ္ဘာ ၊ ငါးဆူမြတ်စွာပွင့်ထွန်းသည်။
ရခဲလှစွာ သာသနာ ကြုံလာခွင့်ထူးလှပေသည်။
နှိုင်းမဲ့ရှည်စွာ သံသရာ၊၀ဲကာလှည့်လို့ လည်လှပြီ။
ဒုက္ခဇာတ်သိမ်း အပြတ်ငြိမ်း ချုပ်ငြိမ်းဘို့ရာ ရှာသင့်ပြီ...

သစ္စာလေးပါး

ဘ၀ဟာ ဆင်းရဲခြင်းဆိုတာ သေခြာမသိသေးသမျှ...
တွယ်တာခြင်းဆိုတာ ဆင်းရဲခြင်းရဲ့ရေသောက်မြစ်ဆိုတာ မသိသေးသမျှ...
ဆင်းရဲခြင်းရဲ့ထွက်ပေါက်ဆိုတာ ရှိတယ်ဆိုတာ မသိသေးသမျှ...
ထွက်ပေါက်ကို အရောက်သွားဘို့ အင်အားမရှိသေးသမျှ...
ဆင်းရဲဆိုတာ အဆုံးအစမရှိတဲ့ ငိုခြင်းရှည်ကြီးဘဲ...

အဆုံးမသတ်တဲ့နောင်တတွေ...

အော်...မွေးလာတုံးက အူဝဲ
ရှင်သန်နေစဉ်လဲ ရုန်းကန်မြဲ
သေပြန်တော့လဲ ဝေဒနာကို ရင်ဆိုင်နွှဲပြီး....
ဖြတ်သန်းခဲ့တဲ့ ဘ၀တွေ ၊ ရေတွက်လို့မရ....
တံလျှပ်ကိုရေထင်၊ ခင်မင်တွယ်တာနေသမျှ
အဆုံးရှာမရတဲ့နောင်တတွေနဲ့...
ဆက်သွားနေဦးမှာဘဲ....